“ဆေးလိပ်တိုလေးပဲဟာ ကပ်စီးနည်းမနေပါနဲ့”
နှုတ်ဖျားခဲထားတဲ့ဆေးလိပ်တိုကိုရှေးကယူရင်းပြောလာသည့်စကားကြောင့် လူရှိုင်းမှာ သူ့ဘေးကလူသေးလေးလေးကို ပခုံးမှဆွဲယူကာ ရင်ခွင်ထဲထည့်လိုက်သည်။ပွေ့ဖက်ခံထားရတဲ့ရှေးကတော့သူ့ကိုမော့ကြည့်လို့ အလှဆုံးပြုံးပြနေ၏။
“အဲ့ဒီနေ့က ကိုယ်မင်းကို မတော်တဆတွေ့မိရာကနေ ဘာကြောင့်များအခုလောက်ထိ ချစ်မိသွားရတာလဲမသိဘူး”
“မတော်တဆဆိုတာ ဘုရားသခင်တမင်လုပ်တဲ့အရာတဲ့”
ရှေးပြောလာသည့်စကားကြောင့်လူရှိုင်းက ပိုတိုးလို့ဖက်ပစ်သည်။ပြီးနောက် ရှေးရဲ့ဆံစများကြားလက်ချောင်းများဖြင့်တိုးဝှေ့လို့ဆော့စကားနေမိသည်။
“ဒီဆံပင်ပုံစံလေးကြောင့် ပိုပြီးချစ်စရာကောင်းသွားတယ်”
“ဟုတ်လို့လား ငါမနေတတ်ခဲ့ဘူးစစညှပ်ချင်းတုန်းက”
“အမြဲအရှည်နဲ့နေလာလို့နေမှာ”
နဂိုက လည်ဂုတ်အထိထောက်ကာရှည်သော ရှေးရဲ့နီကြောင်ကြောင်ဆံပင်များဟာ အခုတော့တိုကပ်ကပ်လေးဖြစ်နေသည်။ ခေါင်းလုံးလုံးကြောင့် ဆံပင်ဝဲဝဲလေးမှာနောက်စေ့တွင် ဖောင်းဖောင်းလေးဖြစ်ကာချစ်စရာကောင်းလွန်းသည်။လူရှိုင်း ကတော့ သဘောအကျကြီးကျကာ ထိုးဖွနေတတ်သည်။
“ချစ်တယ်ရှေး”
“ငါလည်းအရမ်းချစ်တယ်လူရှိုင်း”
ချစ်တယ်လို့ပဲပြောဖြစ်တယ်။ချစ်လားလို့တစ်ခုမှမမေးခဲ့ဖူးဘူး။ကိုယ်ချည်းချစ်နေရကြောင်းပြောရလည်းပဲ တစ်ခါမှမငြိုငြင်ရက်ခဲ့ပေမယ့် အခုတော့ ရှေးက သူချစ်တယ်တစ်ခါပြောတိုင်း မမေးလည်းပဲပြန်ဖြေတတ်နေပြီ။
‘အရမ်းချစ်တယ်ဆိုတဲ့’ စကားတစ်ခွန်းကြောင့် မျက်ရည်များဝေ့ဝဲလာသည်အထိပျော်ရွင်သွားသောအမျိုးသား၏ မျက်လုံးအိမ်တွင်ချစ်ခြင်း၏အတိမ်အနက်ကိုကောင်းစွာသိမြင်နေရ၍ ရှေးကိုယ်တိုင်တောင်မျက်ရည်လည်ချင်လာမိသည်။သူ့ဘဝမှာ ထိုမျှလောက်ချစ်တတ်တဲ့ယောက်ျားမျိုးကို မကြုံဆုံခဲ့ဖူးပါ။အချစ်တတ်ဆုံးသောဘွဲ့ထူးများရှိလျှင် သူ၏လူရှိုင်းကသာအဆင့်ဆင့်ရလိမ့်မည်ဟုတောင် ကလေးဆန်စွာတွေးမိ၏။